ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့ နေရာအချို့တွင် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ဘေးရှောင်သူများပြားလာကြောင်း သိရသည်။
တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့၊ ဆိပ်မှုကြီးကျေးရွာ၊ မရှီကထောင်ရပ်ကွက်နှင့် ထုံးဘိုကျေးရွာတို့တွင် နလအတပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များ တိုက် ပွဲပြင်းထန်နေပြီး၊ လက် နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် စစ်ရှောင်သွားကြသူများရှိလာကြောင်း သိရသည်။
“တိုက်ပွဲက တဖြေးဖြေးပိုဆိုးလာတယ်လို့ပြောရမယ်။ နေ့တိုင်းလိုလိုကလည်း အသံပေါင်းစုံနဲ့။ လက်နက်ကြီးတွေကြောင့် မနေရဲတော့ဘူး။ စစ်ရှောင်တဲ့သူတွေလည်းများလာတယ်။ ပစ်ခတ်သံတွေကလည်း အမြဲတမ်းရှိတယ်။ လူနေအိမ်တွေကို လက်နက်ကြီးကျည်ကျ လေယာဉ်နဲ့လည်းလာ။ အိမ်တွေပျက်စီး။ လူတွေထိနဲ့ မနေရဲကြတော့ဘူးပေါ့။” ဟု ဖားကန့်မှစစ်ရှောင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့နေရာအချို့တွင် လက်နက်ကြီးများထိမှန်ခြင်းကြောင့် နေအိမ်များပျက်စီးခဲ့ကြောင်း သိရသည်။

“မနေ့က နေ့ခင်း ၁ နာရီဝန်းကျင်လောက်က လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာလမ်း မိုင်းကွဲမှုမှာတော့ ဆန်းကြွယ်ရွာက သားအမိနှစ်ဦးနဲ့ ဆိပ်မူရွာက အမျိုးသားတစ်ဦး ထိ ခိုက်ဒဏ်ရာရခဲ့တယ်။ စစ်ကြားညှပ်တဲ့ ပြည်သူတွေပေါ့ဗျာ။” ဟု ဖားကန့်မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အလားတူ ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်နှင့် ကလပ်ကုန်းနားတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုး သမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၃၁ ရက်နေ့မှစ၍ ဖားကန့်မြို့၊ ဆိပ်မှုကြီးကျေးရွာ၊ မရှီကထောင်ရပ်ကွက်နှင့် ထုံးဘိုကျေးရွာတို့တွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မိုင်းထိမှန်သူနှင့် လက်ကြီးကျည်ပေါက်ကွဲမှုများကြောင့် ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိလာကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့မှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် နလအတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် ဒေသအတွင်းသေဆုံးသူ ၁၀၀ ကျော်ရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၂၀၀ ကျော်ခဲ့ကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ (စစ်ဘေးရှောင်သူများ)
#ယနေ့ခေတ်
တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့နေရာအချို့တွင် စစ်ရှောင်သူများပြားလာ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်