ထိုင်းနှင့် ကမ္ဘောဒီးယားတိုက်ပွဲကို ထရမ့်ကကြားဝင်ဖျန်ဖြေသော်လည်း ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေ

ဘန်ကောက်၊ ဇူလိုင် ၂၇

နယ်စပ်တိုက်ပွဲများ ချက်ခြင်းအပစ်အခတ်ရပ်စဲရေးအတွက် ကမ္ဘောဒီးယားနှင့် ထိုင်းခေါင်းဆောင်များအား ဒေါ် နယ်ထရမ့်က စနေနေ့တွင်တောင်းဆိုခဲ့ကြောင်း သိရသည်။

စကော့တလန်ရှိ ၎င်း၏ဂေါက်ကွင်းများသို့ သီးသန့်သွားရောက်လည်ပတ်ချိန်အတွင်း အမေရိကန်သမ္မတသည် Truth Social တွင် “ နှစ်နိုင်ငံလုံးက အမြန်တွေ့ဆုံကာ အပစ်အခတ်ရပ်စဲရေးကို အမြန်လုပ်ဆောင်ရန် သဘောတူပြီး နောက်ဆုံးတွင် ငြိမ်းချမ်းရေး” ဟု ရေးသားခဲ့သည်။

၎င်း၏စိုးရိမ်ပူပန်မှုများနှင့် ကြိုးစားမှုများအတွက် နှစ်နိုင်ငံစလုံးကကျေးဇူးတင်ကြောင်းပြောကြားပြီး၊ အပစ်အခတ်ရပ်စဲရန်တောင်းဆိုမှုကို ကမ္ဘောဒီးယားက လက်ခံခဲ့သည်။ ထိုင်းကလည်း နှစ်နိုင်ငံကြားတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

သို့သော်လည်း အမေရိကန်သမ္မတ၏ ဖုန်းခေါ်ဆိုမှုအပြီးတွင် နယ်စပ်တစ်လျှောက်တွင် ပစ်ခတ်မှုများဆက်လက်ဖြစ်ပွားခဲ့သည်။ ထရန့်၏ ဖုန်းခေါ်ဆိုမှုများအပေါ် ထိုင်းနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်များ၏ တုံ့ပြန်မှုသည် အပြုသဘောဆောင်သော်လည်း ၎င်း၏ရပ်တည်ချက်ကို မပြောင်းလဲသေးပေ။

ကမ္ဘောဒီးယားသည် အပစ်အခတ်ရပ်စဲရေးကို အဆိုပြုထားပြီးဖြစ်သည်။ ၎င်း၏စစ်တပ်သည် ထိုင်းထက်အားနည်းပြီး၊ ထိုင်းနိုင်ငံက အမြောက်နှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကမ္ဘောဒီးယားသည် နယ်မြေအချို့နှင့် စစ်ရေးပစ္စည်းများ ဆုံးရှုံးနေရသည်။

“တပ်မတော်နှစ်ရပ်ကြား ခြွင်းချက်မရှိ ချက်ချင်းအပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ကမ္ဘောဒီးယားက သဘောတူကြောင်း ထရမ့်ကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်” ဟု ဖုန်းခေါ်ဆိုပြီးနောက် ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်မာနက်က ဆိုသည်။ ထရမ့်ဖျန်ဖြေပေးမှုသည် စစ်သားများနှင့် အရပ်သားအများအပြား၏ အသက်အိုးအိမ်စည်းစိမ်ကို အမှန်တကယ်ကာကွယ်ပေးနိုင်လိမ့်မည်ဟု ၎င်းကပြောကြားသည်။

တစ်ဖက်တွင် ထိုင်းနိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ထည့်သွင်းစဉ်းစားရန်ဆန္ဒရှိကြောင်း ပြောကြားသော်လည်း ကမ္ဘောဒီးယားနှင့် တွေ့ဆုံဆွေးနွေးရေးကို လုပ်ဆောင်ရန် ယခင်တောင်းဆိုချက်ကို ဦးစွာလိုလားနေသည်။

ထိုင်းယာယီဝန်ကြီးချုပ် Phumtham Wechayachai က ၎င်း၏စိုးရိမ်မှုများအတွက် သမ္မတထရမ့်ကိုကျေးဇူးတင်ကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးကို ထိုင်းနိုင်ငံက မူအားဖြင့်သဘောတူကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားဘက်မှ ရိုးသားသောရည်ရွယ်ချက်ကို မြင်တွေ့လိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇူလိုင် ၂၄ ရက်က တိုက်ပွဲဖြစ်ပွားပြီးကတည်းက ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံသားထောင်နှင့်ချီ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး စစ်သားနှင့် အရပ်သား ၃၃ ဦးထက်မနည်း သေဆုံးခဲ့သည်။

Credit: BBC

#ယနေ့ခေတ်

ထိုင်းနှင့် ကမ္ဘောဒီးယားတိုက်ပွဲကို ထရမ့်ကကြားဝင်ဖျန်ဖြေသော်လည်း ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.