ရန်ကုန်၊ ဇူလိုင် ၂၇
ပေါင်မြို့နယ်၊ အလှပ်ညောင်ဝိုင်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၂ လုံးပြိုကျပြီး လျှပ်စစ်မီးတိုင်များ လဲကျသွားကြောင်း သိရသည်။
မွန်ပြည်နယ်၊ ပေါင်မြို့၊ အလှပ်ညောင်ဝိုင်တွင် ဇူလိုင် ၂၇ ရက်၊ နံနက် ၄ နာရီ ၁၁ မိနစ်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၂ လုံးပြိုကျပျက်စီးပြီး၊ ပေါင်မြို့နယ်မီးသတ်စခန်းတစ်လုံး ပျက်စီးသွားကြောင်း သိရသည်။
” ငါးမိနစ်ခန့်ကြာ လေဆင်နှာမောင်းတိုက်ခတ်ခဲ့တယ်။ လူနေအိမ် ၂၂ လုံးနဲ့ ပေါင်မြို့နယ်မီးသတ်စခန်းတစ်လုံး ပျက်စီးသွားတယ်။ အဲဒီပြင် နှစ်ချို့သစ်ပင်တွေ လဲပြိုကျတာကြောင့် လျှပ်စစ်မီးတိုင်တွေ လဲကျသွားပါတယ်။ လူထိခိုက်မှုမရှိခဲ့ပါဘူး” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ နေအိမ် ၂၂ လုံးတွင် သွပ်မိုး၊ ပျဉ်ကာနေအိမ်များမှာ အလုံးစုံပြိုကျပျက်စီးသည့်အပြင် လျှပ်စစ်မီးတိုင်များလဲကျပြီး ပေါင်မြို့နယ်လုံးကျွတ် မီးပျက်တောက်မှုဖြစ်ပွားနေကြောင်း သိရသည်။

ယခူအခါ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များ၊ သစ်ပင်များနှင့် လျှပ်စစ်မီးတိုင်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
အလားတူ ဇူလိုင် ၂၄ ရက်၊ နံနက် ၇ နာရီက လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ သာကေတမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကင်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် သန်လျင်မြို့နယ်တို့တွင် နေအိမ်အဆေက်အဦးများ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
ယနေ့ခေတ်
ပေါင်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ် နေအိမ် ၂၂ လုံးပြိုကျပျက်စီးပြီး လျှပ်စစ်မီးတိုင်များလဲကျ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်