ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့ လုံးခင်ကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက်ခြင်းကြောင့် ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝရီ ၁၄ ရက်၊ ညနေ ၄ နာရီကျော်က ဖားကန့်မြို့၊ တရုတ်စာသင်ကျောင်း၊ ကလေးအဆောင်အနီး အိမ်ခန်းငှါးနေသည့် အဆောင်ပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ခြင်းကြောင့် ကလေးငယ်လေးဦးနှင့် လူကြီးနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“လုံးခင်ကျေးရွာကို ကျတာ။ တရုတ်စာသင်ကျောင်း ကလေးအဆောင်အနီးမှာ အိမ်ခန်းငှားနေတဲ့ အဆောင်ပေါ်ကို လက်နက်ကြီးကျည်ကျတာ။ ထမင်းစားနေကြတဲ့ ကလေးလေးယောက်နဲ့ လူကြီးနှစ်ယောက် ထိခိုက်ဒဏ်ရာရတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဖေဖော်ဝါရီ ၁၃ ရက်က၊ ဖားကန့်မြို့၊ တောင်ပြို့ရွာ မှော်မောင်းချောင်းဘေး အမှိုက်ပုံမှကောက်ရသည့်ကျည်းအား ဆော့ကစားရာက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကာ၊ တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“မပေါက်သေးတဲ့ကျည်ကို ကလေးတွေက အမှိုက်ပုံနားကနေကောက်လာပြီး ကျောက်ခဲပေါ် ထုရိုက်ဆော့ကြတာ။ အဲ့ကျည်က ပေါက်ကွဲတာ။ ကလေးလေးယောက်မှာ သုံးယောက်ဒဏ်ရာရတယ်။ ယောက်င်္ကျားလေးတစ်ယောက် ဆုံးသွားတယ်။ ကျန်တဲ့ကလေးတွေကတော့ ဆေးကုသမှုခံယူနေတုန်းပါ။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထိုအပြင် ဖားကန့်၊ လုံးခင်းနယ်မြေ ငြိမ်းချမ်းသာယာအပိုင်း(၂)ထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး၊ အမျိုးသမီးနှစ်ဦးနှင့် အမျိုး သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်နှင့် ကလပ်ကုန်းနားတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုး သမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲပြင်းထန်နေသည့်၊ ဖားကန့်မြို့တွင် မကြာခဏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် သေဆုံးနှင့် ဒဏ်ရာရရှိသူများ ခပ်စိပ်စိပ်ဖြစ်ပေါ်နေကြောင်း သိရသည်။
ဇန်နဝါရီ ၃၁ ရက်နေ့မှစ၍ ဖားကန့်မြို့၊ ဆိပ်မှုကြီးကျေးရွာ၊ မရှီကထောင်ရပ်ကွက်နှင့် ထုံးဘိုကျေးရွာတို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် မိုင်းထိမှန်သူနှင့် လက်နက်ကြီးကျည်ပေါက်ကွဲမှုများကြောင့် ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိလာကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့မှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် နလအတပ်နှင့် KIA ပူး ပေါင်းတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသအတွင်း သေဆုံးသူ ၁၀၀ ကျော်ရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၂၀၀ ကျော်ခဲ့ကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဒေသခံ
#ယနေ့ခေတ်
ဖားကန့်မြို့တွင် လက်နက်ကြီးကျည်ကျရောက်ခြင်းကြောင့် ခြောက်ဦးဒဏ်ရာရရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်