လားရှိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွား

ရန်ကုန်၊ မတ် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ်လ ၆ ရက်၊ ညနေ ၃ နာရီခန့်က လားရှိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့အမိုးလန်ပြီး၊ ဓာတ်တိုင်များလဲကျခြင်း၊ လျှပ်စစ်မီးများပြတ်တောက်ခြင်းနှင့် လမ်းများပိတ်ဆို့မှုများဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ညနေတုန်းက လေရောမိုးရောပဲ နေရာအတော်များများမှာဖြစ်တာ။ သစ်ပင်တွေဆို လဲတာအများကြီးပဲ။ နှစ်ချီနေတဲ့အပင်တွေလည်းပါတယ်။ နေအိမ်တွေတော့ အမိုးတွေလန်တာများတယ်။ လမ်းဘေးအုတ်နံရံတွေလဲ ပြိုကျတယ်။ ဆိုလာတွေလဲ ပြုတ်ကျ။ ဓာတ်တိုင်တွေလဲတော့ မီးတွေပျက်တယ်။ လေက တအားကြမ်းတယ်။ တော်တော်တိုက်သွားတာ။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မိုးသည်းထန်ရွာသွန်ပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် သစ်ပင်းများလဲကျပြီး လမ်းပိတ်ဆို့နေခြင်းကြောင့် မြို့ခံများနှင့် ဒေသခံ လူမှုကူညီရေးအသင်းများက လမ်းရှင်းလင်းရေးလုပ်ငန်းများ ကူညီလုပ်ဆောင်ပေနေကြောင်း၊ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ထိခိုက်တာတော့ အမျိုးသမီးနှစ်ဦးပဲ။ တစ်ဦးကတော့စိုးရိမ်ရတယ်။ အခုတော့ ပြည်သူ့ဆေးရုံကြီးကိုပို့ထားပါတယ်။ နေရာတော်တော်များများမှာဖြစ်တာ။ ရှင်းလို့လည်းမပြီးသေးဘူး။ မနက်ဖြန်မှ ဆက်ရှင်းရမှာ စိုးရိမ်ရတဲ့အဆောက်အအုံတစ်ခုဆို မနက်မှရှင်းရမှာ။ တချို့နေရာတွေကျန်သေးတယ်။” ဟု လာရှိုးလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလမှ ယနေ့ နေ့လည် ၂ နာရီက ထုတ်ပြန်ထားသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ(ဒေသခံများ)
ယနေ့ခေတ်

လားရှိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.