လူဦးရေ ၁ ဒသမ ၅ သန်းအား အရေးကြီးသောအကူအညီများပေးနိုင်ခဲ့ဟု UNOCHA Myanmar ဆို

ရန်ကုန်၊ မေ ၂၆

ရန်ပုံငွေလျှော့ချမှုနှင့် သွားလာခွင့်ကန့်သတ်ချက်များကဲ့သို့သော အခက်အခဲများရှိသော်လည်း လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များသည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်အ တွင်း လူဦးရေ ၁ ဒသမ ၅ သန်းအား အရေးကြီးသောအကူအညီများ ပေးအပ်နိုင်ခဲ့ကြောင်း UNOCHA Myanmar က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် မကြာခဏဖြစ်ပေါ်တတ်သည့်ဘေးအန္တရာယ်များ၊ ဆက်လက်ဖြစ်ပွားနေဆဲ ပဋိပက္ခများကြောင့် ခက်ခဲသည့် လူသားချင်းစာနာမှုအကျပ်အတည်းများနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအန္တရာယ်များကို ဆက်လက်ရင်ဆိုင်နေရပြီး နိုင်ငံတစ်ဝန်းတွင် လူဦးရေ ၃ ဒသမ ၅ သန်းခန့် နေရပ်စွန့်ခွာနေထိုင်ကြရကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မတ်လ ၂၈ ရက်နေ့က အင်အားပြင်းထန်သောငလျင် နှစ်ကြိမ်လှုပ်ခတ်မှုကြောင့် မြို့ပြများနှင့် ကျေးလက်ဒေသများတွင် အကြီးအကျယ်ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး အသက် ဆုံးရှုံးမှု၊ အိမ်ခြေနှင့် အခြေခံအဆောက်အဦများပျက်စီးခြင်း၊ အသက်မွေးဝမ်းကျောင်းမှုများထိခိုက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီလိုအပ်နေသူလူဦးရေ ၁၉ ဒသမ ၉ သန်းဖြင့် လိုအပ်ချက်များ စံချိန်တင်မြင့်တက်နေပြီး ငလျင်အပြီးတွင် ထပ်တိုးလူဦးရေ ၂ သန်းသည် အရေးပေါ်အကူအညီလိုအပ်လျက်ရှိကြောင်း UNOCHA Myanmar က ဆိုသည်။

“ငလျင်ကြောင့် လူတွေက နေစရာမရှိရတဲ့ကြားထဲ တိုက်ပွဲတွေပါဖြစ်တော့ ပိုဆိုးသွားတာပေါ့။ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာသူတွေက ပိုပိုများလာတယ်။ နိုင်ငံတကာအကူအညီတွေကိုလည်း အကန့်အသတ်နဲ့သာ ခွင့်ပြုထားတယ်။ ရေရှည်မှာ နေရပ်စွန့်ခွာသူတွေက ပိုများလာနိုင်တယ်” ဟု NGO တစ်ခုတွင်လုပ်ကိုင်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့ပြင် တပ်မတော်နှင့် အခြားလက်နက်ကိုင်အဖွဲ့ အမျိုးမျိုးအကြား ပဋိပက္ခများကြောင့် အရပ်သားများသည် စဉ်ဆက်မပြတ် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပြီး လူမှုဘဝကယ်ဆယ်ရေးအကူအညီနှင့် အရေးကြီးသောဝန်ဆောင်မှုများကိုလည်း လက်လှမ်းမီရရှိနိုင်ရန် ခက်ခဲကြရကြောင်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီလလယ်ပိုင်းမှစတင်၍ ဝေဟင်နှင့်မြေပြင်ပစ်ခတ်တိုက်ခိုက်မှုများ တိုးမြင့်လာခြင်းကြောင့် ကလေးများအပါအဝင် အရပ်သားပြည်သူအများအပြား အသက်ဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်။

၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ် (HNRP) အတွက်ရံပုံငွေမှာ ယခုအချိန်အထိ ၇ ဒသမ ၈ ရာခိုင်နှုန်းသာရရှိထားပြီး၊ နောက်ဆက်တွဲငလျင်တုံ့ပြန်ရေးအစီအစဉ်အတွက် ရံပုံငွေ ၁၇ ဒသမ ၂ ရာခိုင်နှုန်းသာရရှိထားကြောင်း၊ လူမှုဘဝရှင်သန်ရေးအကူအညီများ တိုးမြှင့်ပေးနိုင်ရန်နှင့် အထိခိုက်ဆုံးဒေသများသို့ ရောက်ရှိကူညီနိုင်ရန် ထပ်တိုးရန်ပုံငွေနှင့် ကတိပြုထားသောအလှူငွေများ အချိန်မီထည့်ဝင်ပေးရန် အရေးကြီးကြောင်း UNOCHA Myanmar က ထောက်ပြထားသည်။

#စုစု

ဓာတ်ပုံ – ယနေ့ခေတ်

#ယနေ့ခေတ်

လူဦးရေ ၁ ဒသမ ၅ သန်းအား အရေးကြီးသောအကူအညီများပေးနိုင်ခဲ့ဟု UNOCHA Myanmar ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.