အီရန်က ဒုံးကျည်အများအပြားနှင့် အစ္စရေးကို တုံ့ပြန်တိုက်ခိုက်

တဲလ်အဗစ်၊ ဇွန် ၁၄

အီရန်တွင် နျူကလီယားလက်နက် မပိုင်ဆိုင်စေရေး ကြိုးပမ်းမှုအဖြစ် အစ္စရေးက ကာလကြာရှည်ရန်သူအား အကြီးမားဆုံးထိုးစစ်ဆင်ပြီးနောက် ဇွန် ၁၄ ရက်၊ စနေနေ့အစောပိုင်းတွင် အီရန်က တာဝေးပစ်ဒုံးကျည်အများအပြားနှင့် အစ္စရေးကိုတိုက်ခိုက်ခဲ့သည်။

အစ္စရေးနိုင်ငံ၏ အကြီးဆုံးမြို့ကြီးနှစ်မြို့ဖြစ်သည့် တဲလ်အဗစ်နှင့် ဂျေရုဆလင်တို့တွင် လေကြောင်းစီးနင်းတိုက်ခိုက်မှုဆိုင်ရာ အချက်ပေးဥဩသံများထွက်ပေါ်လာပြီး ဒေသခံများအား ဘေးလွတ်ရာဆီသို့ စေလွှတ်ခဲ့သည်။

အီရန်၏ဒုံးကျည်များကို ကြားဖြတ်ဟန့်တားရန် လေကြောင်းရန်ကာကွယ်ရေးစနစ်များ လုပ်ဆောင်နေကြောင်း အစ္စရေးစစ်တပ်က ပြောကြားသည်။

“ပြီးခဲ့တဲ့နာရီပိုင်းအတွင်း အီရန်ကနေ ဒါဇင်နဲ့ချီတဲ့ ဒုံးကျည်တွေပစ်လွှတ်ခဲ့ပြီး အဲဒီထဲကတချို့ကို ကြားဖြတ်ဟန့်တားခဲ့ပါတယ်” ဟု အစ္စရေးစစ်တပ်က ပြောကြားသည်။

နိုင်ငံတစ်ဝှမ်းရှိ နေရာအများအပြားတွင် ဒုံးကျည်များကျရောက်ခဲ့ကြောင်း သတင်းရရှိထားပြီး အသေအပျောက်နှင့်ပတ်သက်၍ ကယ်ဆယ်ရေးအဖွဲ့များက မှတ်ချက်ပေးခြင်းမရှိပေ။

အီရန်နိုင်ငံမြို့တော် တီဟီရန်ရှိ အီရန်နိုင်ငံ၏ အဓိကခေါင်းဆောင်များ၏နေရာအနီးတွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း Tasnim သတင်းအေဂျင်စီက ဖော်ပြသည်။ တီဟီရန်၏ Mehrabad လေဆိပ်ကို ဒုံးကျည်နှစ်စင်းထိမှန်ခဲ့ကာ မီးလောင်ကျွမ်းခဲ့ကြောင်း Fars သတင်းအေဂျင်စီနှင့် အီရန်မီဒီယာများကဖော်ပြသည်။ အဆိုပါလေဆိပ်သည် တိုက်လေယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးလေယာဉ်များထားရှိသော လေတပ်အခြေစိုက်စခန်းတစ်ခုဖြစ်သည်။

တဲလ်အဗစ်တွင် ဒုံးကျည်တစ်စင်းကျရောက်ခဲ့သည်ဟု သံသယရှိကြောင်း အစ္စရေးမီဒီယာက ပြောကြားပြီး၊ ဂျေရုဆလင်တွင် ပေါက်ကွဲသံကို ကျယ်လောင်စွာကြားခဲ့ရသည်ဟု Reuters မှ မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

သောကြာညတွင် နှစ်ကြိမ်တိုင်တိုင် အပြင်းအထန်တိုက်ခိုက်ခံရပြီးနောက် စနေနေ့တွင် တီဟီရန်က ဒုံးကျည်တိုက်ခိုက်မှုလှိုင်းသုံးခုကို ပြုလုပ်ခဲ့ကြောင်း Fars သတင်းအေဂျင်စီက ဆိုသည်။

အစ္စရေးက သောကြာနေ့အစောပိုင်းက အီရန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာပစ်မှတ်များနှင့် နျူကလီးယားနေရာများကို လေကြောင်းမှတိုက်ခိုက်ခဲ့ရာ အီရန်စစ်ဘက်တပ်မှူးများနှင့် နျူက လီးယားသိပ္ပံပညာရှင်များ သေဆုံးခဲ့သည်။

အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့အလယ်ပိုင်း၊ လူနေထူထပ်သော မြို့ပြဧရိယာတွင်တည်ရှိသည့် အထပ်မြင့်အဆောက်အအုံတစ်ခုကို ဒုံးကျည်ထိမှန်ခဲ့ရာ အဆောက်အအုံ၏ အောက်ပိုင်းသုံးပုံတစ်ပုံ ပျက်စီးခဲ့သည်။ ၎င်း၏အနီးနားရှိ Ramat Gan တွင် တိုက်ခန်းတစ်ခန်းပျက်စီးခဲ့သည်။

တဲလ်အဗစ်ဧရိယာတွင် သောကြာနေ့ည တိုက်ခိုက်မှုအတွင်း လူ ၃၄ ဦး ဒဏ်ရာရခဲ့ပြီး အများစုမှာ အသေးစားဒဏ်ရာများဖြစ်ကြောင်း အစ္စရေးလူနာတင်ယာဉ်ဝန်ဆောင်မှုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ နောက်ပိုင်းတွင် လူတစ်ဦးသေဆုံးခဲ့ကြောင်း ရဲများကပြောသည်။

အစ္စရေးနိုင်ငံသို့ ဦးတည်သွားသော အီရန်ဒုံးကျည်များကို အမေရိကန်စစ်တပ်က ပစ်ချနိုင်ခဲ့ကြောင်း အမေရိကန်အရာရှိနှစ်ဦးက သောကြာနေ့တွင် ပြောကြားသည်။

အီရန်သည် သောကြာနေ့တွင် ဒုံးကျည် ၁၀၀ အောက်သာပစ်ခတ်ခဲ့ပြီး အများစုမှာ ကြားဖြတ် သို့မဟုတ် ပျက်စီးသွားခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားသည်။ တဲလ်အဗစ်နှင့်အနီးတဝိုက်ရှိ အဆောက်အဦများစွာ ထိခိုက်ပျက်စီးခဲ့သည်။

အီရန်၏မဟာမိတ်များဖြစ်သည့် ဂါဇာရှိ ဟားမတ်စ်များနှင့် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာတို့က အစ္စရေး၏ချေမှုန်းမှုကို အီရန်၏လက်တုံ့ပြန်မှုကြောင့် ဒေသတွင်းပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်မှုများ မြင့်တက်နေသည်။

အီရန်၏ ကြီးမားသော Natanz မြေအောက်နျူကလီးယားနေရာကို အစ္စရေးကဗုံးကြဲပြီး၊ ၎င်းတို့၏စစ်ဘက်ဆိုင်ရာ ထိပ်တန်းတပ်မှူးများသေဆုံးပြီးနောက် တီဟီရန်က ရာနှင့်ချီသော ပဲ့ထိန်းဒုံးကျည်များကို အစ္စရေးသို့ပစ်လွှတ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်သတင်းအေဂျင်စီ IRNA က ပြောကြားသည်။ နျူကလီးယားအစီအစဉ်သည် ငြိမ်းချမ်းသော ရည်ရွယ်ချက်အတွက်သာဖြစ်ကြောင်း အီရန်ကပြောကြားသည်။

အီရန်သည် အရပ်ဖက်အသုံးပြုရေးထက် နျူကလီးယားဗုံးအတွက် ယူရေနီယမ်သန့်စင်ရေးလုပ်နေသည်ဟု အ နောက်နိုင်ငံများက စွပ်စွဲထားသည်။

Natanz တွင်ရှိသည့် မြေပေါ်စမ်းသပ်သန့်စင်ရေးစက်ရုံကို အစ္စရေးကဖျက်ဆီးလိုက်ကြောင်း ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအကြီးအကဲ Rafael Grossi က လုံခြုံရေးကောင်စီကို သောကြာနေ့က ပြောကြားသည်။

ကုလသမဂ္ဂသည် အခြားသောစက်ရုံနှစ်ခုဖြစ်သည့် Fordow လောင်စာဆီဖြည့်တင်းရေးစက်ရုံနှင့် Isfahan ရှိ အခြားစက်ရုံနှစ်ခုကို အစ္စရေး၏တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အ ချက်အလက်များကို စုဆောင်းနေဆဲဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အီရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက အစ္စရေးသည် စစ်ပွဲကိုစတင်ခဲ့ကြောင်းစွပ်စွဲလိုက်သည်။ အစ္စရေးတွင် မည်သည့်နေရာမှ လုံခြုံမည်မဟုတ်ကြောင်းနှင့် ကလဲ့စားချေခြင်းသည် နာကျင်လိမ့်မည်ဖြစ်ကြောင်း အီရန်အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

အီရန်အပေါ် အစ္စရေး၏တိုက်ခိုက်မှုအတွင်း လူပေါင်း ၇၈ ဦးသေဆုံးခဲ့ပြီး ၃၂၀ ကျော်ဒဏ်ရာရခဲ့ကာ အများစုမှာ အရပ်သားများဖြစ်ကြောင်း ကုလသမဂ္ဂ အီရန်အထူးသံတမန် Amir Saeid Iravani က ပြောကြားသည်။ ၎င်းက တိုက်ခိုက်မှုများတွင် အမေရိကန်ပူးပေါင်းပါဝင်သည်ဟုစွပ်စွဲကာ အကျိုးဆက်များအတွက် အပြည့်အဝတာဝန်ရှိကြောင်း ပြောကြားသည်။

တီဟီရန်သည် ၎င်း၏နျူကလီးယားအစီအစဉ်ဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကိုရယူနိုင်ခြင်းဖြင့် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကိုရပ်တန့်ရန် အချိန်မနှောင်းသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။

တီဟီရန်သည် ၂၀၁၈ ခုနှစ်တွင် ၎င်း၏နျူကလီးယားအစီအစဉ်ကိုရပ်တန့်ရန် သဘောတူညီချက်တစ်ခုအတွက် ထရမ့်အစိုးရနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ နောက်ဆုံးတွင် နျူကလီယားအစီအစဉ်စွန့်လွှတ်ရန် အမေရိကန်၏ကမ်းလှမ်းချက်ကို တီဟီရန်က ပယ်ချခဲ့သည်။

Ref: CNA

#ယနေ့ခေတ်

အီရန်က ဒုံးကျည်အများအပြားနှင့် အစ္စရေးကို တုံ့ပြန်တိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.