ရန်ကုန်၊ သြဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သြဂုတ် ၁၅ ရက်၊ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ က နေအိမ်ရှေ့ ၌ရပ်နားထားသည့် ကားပစ္စည်းနှင့် ဓာတ်ဆီခိုးယူသူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြီးခဲ့သည့် ၁၅ ရက်ခန့်မှစ၍ နေအိမ်၌ရပ်ထားသည့် အိမ်စီးကားများ၊ လုပ်ငန်းသုံးကားများ၏ ဓာတ်ဆီ၊ ဒီဇယ်နှင့် ကားပစ္စည်းများကိုခိုးယူသူ အသက် ၂၀ နှစ်ကျော် လင်မယားနှစ်ဦးနှင့် ညီဖြစ်သူတစ်ဦးတို့ကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အသက် ၂၀ ကျော် အရွယ်ကောင်းလေးတွေပါ။ ပလုံကောက်သလိုနဲ့ ကားပစ္စည်းတွေကို ခိုးတယ်။ နောက်ပြီး ကားရဲ့ဓာတ်ဆီနဲ့ ဒီဇယ်တွေလဲ ခိုးထုတ်ယူတာတွေ ပြုလုပ်ကြပါတယ်။ နေ့တိုင်း မင်္ဂလာတောင်ညွန့်မှာဖြစ်နေတယ်။ ဒီနေ့တော့ တရားခံသုံးဦးစလုံးကို သက်သေခံပစ္စည်းများနဲ့အတူ ဖမ်းဆီးရမိပါတယ်” ဟု မင်္ဂလာတောင် ညွန့်မြို့နယ်မှ ရာအိမ်မှူးတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လက်ရှိဖမ်းဆီးရမိသူ တရားခံသုံးဦးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် နေထိုင်သူများဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ရရှိခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
ပလုံကောက်သူများ အယောင်ဆောင်ပြီး ကားပစ္စည်း၊ ဓာတ်ဆီနှင့် ဒီဇယ်အပါအဝင် လမ်းတလျောက်ရှိဆိုင်များမှ ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေသူများကို တွန်းလှည်းအပါ အဝင် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
ယနေ့ခေတ်
ပလုံကောက်သူများ အယောင်ဆောင်ပြီး ကားပစ္စည်းနှင့် ဓာတ်ဆီခိုးယူသူများကို ဖမ်းဆီးရမိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်